မကွေးမြသလွန်ဘုရား နှစ်စဥ်ကျင်းပသောဘုရားပွဲတော်များ


မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်

မဟာသက္ကရာဇ် (၁၀၃)ခုနှစ်တွင် ဗုဒ္ဓဘုရားဖြစ်တော်မူပါသည်။ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်တွင် ဗုဒ္ဓရှင်တော် ချီးမြှင့်ခဲ့သော မြသားသလွန်တော်ကို မဟာသက္ကရာဇ် (၁၂၈)ခုနှစ် နဂုတ္တမတောင်တော်တွင် ဌာပနာတော်မူသည်မှစ၍ နှစ်စဉ်နှစ်တိုင်း ဆွမ်း၊ ရေချမ်း၊ ပန်းတို့ဖြင့် ပူဇော်ခဲ့ရာ ယနေ့ ကောဇာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ သာသနာတော်နှစ် (၂၅၆၇)ခုနှစ်တွင် ဗုဒ္ဓပူဇနိယပွဲတော် (၂၅၈၇)ကြိမ် ပူဇော်ခဲ့ပြီး ဖြစ်ပါသည်။ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပသည့်ကာလမှာ သီတင်းကျွတ်လဆန်း (၁၀)ရက်မှ သီတင်းကျွတ်လပြည့်ကျော်(၁၄)ရက်နေ့အထိ ရက်(၂၀)ဖြစ်ပါသည်။ ဖွင့်ပွဲနေ့တွင် ဗုဒ္ဓဘိသေက အနေကဇာတင်၊ ဓမ္မပူဇာ - အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်း၊ သံဃပူဇာ - မြို့လုံးကျွတ် သံဃာ(၁၂၀၀)အား အရုဏ်ဆွမ်းလောင်းလှူပူဇော်ခြင်းတို့ ဆောင်ရွက်ကြပါသည်။ ပျော်ရွှင်ဖွယ် ဇာတ်၊ ရုပ်သေး၊ အနယ်နယ်အရပ်ရပ်မှ ဈေးသည်ဆိုင်ခန်း(၁၂၀၀)တို့ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ကုန်စည်ကူးသန်း ရောင်းဝယ်ဖလှယ်ရာ အဓိကကျပြီး ပွဲတော်ကျင်းပရက် ရှည်ကြာပါသည်။

Image 1
Image 2
Image 3

မြသလွန်စေတီတော် ဆီမီး(၉၀၀၀)၊ ပန်း(၉၀၀၀)၊ နံ့သာ(၉၀၀၀) ပူဇော်ပွဲ

မြသလွန်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ပူဇော်ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်တွင် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်း ပန်းပေါင်း (၉၀၀၀)၊ နံ့သာ (၉၀၀၀)၊ ကပ်လှူပူဇော်ပြီး ညချမ်းအခါ ဒေသထွက် နှမ်းဆီဖြင့် ဆီမီး (၉၀၀၀) ပူဇော်ြခင်းကို ဂေါပကအဖွဲ့၊ ဥပတ္ထမ္ဘကအဖွဲ့ ဗုဒ္ဓဝေယျဝစ္စအသင်း (၁၄)သင်းမှ အသင်းသူ အသင်းသား (၁၀၀၀)ကျော်တို့က ကုသိုလ်ပြုကြပါသည်။

Image 1
Image 2
Image 3

မြသလွန်စေတီတော်သံဃဒါန အရုဏ်ဆွမ်းလောင်းလှူပွဲ၊ သစ်သီးဆွမ်း၊ မုန့်ဆွမ်းကပ်လှူပွဲ

မြသလွန်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ပူဇော်ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်တွင် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်း သံဃာတော်(၁၂၀၀)ကျော်တို့အား သံဃဒါန အရုဏ်ဆွမ်းလောင်းပူဇော်ခြင်းကို ဂေါပကအစီအစဉ်ဖြင့် နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းမှ ကုသိုလ်ပြုကြပါသည်မြသလွန်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ပူဇော်ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်တွင် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်း အသားလွတ်သစ်သီးဆွမ်း၊ မုန့်ဆွမ်းပူဇော်ခြင်းကို ဂေါပကအဖွဲ့အစီအစဉ်ဖြင့် ခေမာသီရိ သီလရှင်စာသင်တိုက်၊ သီရိစန္ဒာရုံစာသင်တိုက် (၂)တိုက်မှ ကုသိုလ်ပြုကြပါသည်။

Image 1
Image 2
Image 3

မြသလွန်စေတီတော် ကဆုန်ညောင်ရေသွန်းပွဲတော်

မြသလွန်စေတီတော်မြတ်ကြီးရင်ပြင်တော် အင်္ဂါထောင့် အောင်မြေအရပ်တွင်ရှိသော ဗောဓိညောင်ပင်ကို နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ မြို့သူမြို့သားတို့ စုပေါင်း၍ စည်ကားစွာ ရေသွန်းလှူကြပါသည်။

Image 1
Image 2
Image 3

မြသလွန်စေတီတော်ထမနဲဆွမ်းကပ်လှူပွဲ

မြသလွန်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ပူဇော်ကျင်းပသော နှမ်းမနှဲ ဆွမ်းအလှူတော်ကို တပို့တွဲလပြည့်နေ့ နံနက်ပိုင်းတွင် ဂေါပကအဖွဲ့၊ ဥပတ္ထမ္ဘကအဖွဲ့တို့မှ ကပ်လှူပူဇော်ကြပါသည်။

Image 1
Image 2
Image 3

မြသလွန်စေတီတော် အဘိဓမ္မာမဟာပဋ္ဌာန်းအသံမစဲရွတ်ဖတ်ပူဇော်ပွဲ

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် မကွေးမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဓမ္မာစရိယကျမ်းပြီး သံဃာတော်(၂၄)ပါးကို ဩဝါဒဆရာတော်ကြီးများမှ စနစ်တကျရွေးချယ်ပြီး ယခု(၁၃၈၅)ခုနှစ်တွင် (၅၁)ကြိမ်မြောက် ပူဇော်ခဲ့ပါသည်။ ဂေါပကအဖွဲ့၊ ဥပတ္ထမ္ဘကအဖွဲ့မှ ဦးဆောင်၍ ဗုဒ္ဓဝေယျာဝစ္စအသင်း (၁၄)သင်းမှ အသင်းသူအသင်းသားများ အလှူရှင်ဒကာ၊ ဒကာမများ စုပေါင်းပြီး ပဋ္ဌာန်းအောင်ပွဲ လှူဒါန်းကြပါသည်။

Image 1
Image 2
Image 3