မြသလွန်စေတီတော်သမိုင်း


Full Screen Image

မြသလွန်စေတီတော်သမိုင်းအကျဉ်း

တိလောကဂ္ဂ ၊ ဘဂျဘဂဝါ ၊ မည်တော်သာသော မြတ်စွာဘုရားသခင်သည် ၊ ဝါတော်နှစ်ဆယ်ကျော် ရောက်လတ်သော် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသောအခါ သုနာပရန္တတိုင်း လယ်ကိုင်း နာဂရ မြန်ဌာန၌ သုပ္ပာဒက သင်္ဘောဆိပ် ဝါဏိဇ္ဇဂါမ ရွာသားငါးရာကုန်သော ဥပသကာတို့သည် ကြည်ဖြူ စေတနာ သဒ္ဓါအားထုတ် ဆောက်လုပ်အပ်သော သရက္ခန် စန္ဒကူးဂန္ဓာရုံ တန်ဆောင်းဝန်း ကျောင်းတော်ကို အလှူခံတော်မူ အံ့သောငှာ ဘိုးတော်ဖြစ်သော အဉ္စနမင်းကြီး ဖြိုပြီးသက္ကရာဇ် ၁၂၃ ခုနှစ် နွယ်တာ လဆုတ် (၈) ရက်နေ့တွင် ဝိသကြုံ နတ်သားဖန်ဆင်းထားသည့် ငါးရာသတ်မှတ် ပြာသာဒ်ယာဉ်ပျံ၌ စံနေသော အခြံအရံ ရဟန္တာငါးရာတို့နှင့်တကွ အဇာဋာလမ်း ကြွချီမြန်းလျက် စန္ဒကူးကျောင်းတော်ကို အလှူခံပြီးလျှင် ခုနစ်ရက်ပတ်လုံး သီတင်းသုံးနေတော်မူပြီး၍ ဝေနေယျကြာ သတ္တဝါအပေါင်းတို့အား တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးဝေငှ ပါရမီဉာဏ သမ္ဘာရအလိုက် ထိုက်သင့်သော မဂ်ဖိုလ်ဉာဏ်ကို ခံယူပန်ဆင်စေတော်မူပြီးနောက် ထိုကျောင်းမှ တစ်ဖန်ပြန်လည် မြန်းကြွဒေသစာရီ ဖြန့်ချီတော်မူခဲ့ရာများစွာ ထိုထိုတောင်ညို ဆားပွက်တို့ဖြင့် ခြံရံအပ်သော ကေလာသဘ နာမြွမက်မြဲ စက္ကိန်းတည်း တောင်ထိပ်သို့ ရောက်တော်မူလေသတည်း။ ထိုစက္ကိန်းတည်းတောင်ထိပ် မြတ်စွာဘုရားသီတင်းသုံးတော်မူရာအရပ်၌ တည်ထားအပ်သော စေတီတော်မြတ်ကို စက္ကိန်းတည်းစေတီဟု ဘွဲ့အမည်သတ်မှတ် ခေါ်ဝေါ်အပ်သတည်း ။ ရှေးရှေးယခေါင် နောင်တော်အများ ဘုရားသခင်တို့သည် ဤတောင်ခွင်သို့ ကြွလာတော်မူလျှင် သိကြားမင်း သည် ကိန်းဝပ်စံရာ ရတနာသလွန်တော်ကို လှူဒါန်းမြဲဖြစ်၍ ပဏ္ဍုကမ္ဗလာ ရတနာမြကျောက်ကဲ့သို့ ထွန်းတောက် ရောင်လျှံ မျက်ပျံကိုးသွယ်တို့ဖြင့် စီမံခြယ်လှယ်အပ်သော မြသားအတိပြီးသော သလွန်တော်မြတ်ကို ဆက်ကပ် ကြည်ဖြူ ပူဇော်လှူဒါန်းလေ၏။ ဗြဟ္မာမင်းသည်လည်း ထီးဖြူတော်ဖြင့် ဖြန့်မိုးယှက်ခါ ပူဇော်ဆည်းကပ်လာ၏ ယင်းသို့များစွာ နတ်ဗြဟ္မာတို့ ပူဇာရဟ ပြုလာကြသောအခါ ဧရာဝတီ ရေကြည်ရစ်ကွေ့ မြစ်အရှေ့ဘက်ယူဇနာဝက်မျှ ဝေးကွာသော တောအုပ်၌နေကြသော ဘောကျော် ၊ ဘောသော ၊ ဘောသူရ နှင့် ဘောရသ ၊ ယက္ခသာဂီ ယက္ခဒါလီ ၊ ဘီလူးညီအစ်ကို မောင်နှမခြောက်ယောက်တို့အနက် ဘောကျော် ဘောသော ၊ ဘောသူရနှင့် ဘောရသ ညီအစ်ကို လေးယောက် တို့သည် နှမနှစ်ယောက် တို့အား မပြောကြားဘဲ ကြစုဖန်ခါးသီးများဖြင့် ဝပ်တွား ညွှတ်ခ ဘောသဇ္ဇ အမှတ်ဖြင့် လှူကပ်ပူဇော်လာကြလေလျှင် မြတ်စွာဘုရားသခင်သည် ပါဏာတိ ပါတံ မာကရ ဟုအာဂမနှုတ်ြွမက် ဓမ္မစက်ဒေသနာ အစဉ်ဖြင့် သွန်သင် ဟောပြ ဆုံးမတော်မူရာတွင် ဓမ္မာဘိသမယတရားရ၍ လောကတ္ထ အကျိုးငှာကိုးကွယ်ရာလျှောက်တောင်းလေလျှင် လျောင်းစက်ကိန်းဝပ်တော်မူသော နဝရတ်ကိုးပါးခြယ်လှယ်ထား သည့် မြသားသလွန်တော်ကို ပေးအပ်တော်မူ၍ ငါဘုရား၏သလွန်တော်တည်ရာ နောင်အခါဝယ် သာသနာ ပွင့်လင်း၍ ဟောတော်မူရင်းဌာန၊ မာကရဒေသ၌ နာဂရမြို့ကြီးဖြစ်လတံ့ဟု ဗျာဒိတ်တော်စကား မိန့်ကြားတော်မူပြီးမှ ကြွသွား တော်မူလေသတည်း ။ ထိုဘီလူး ညီနောင်လေးယောက်တို့သည် မြတ်စွာဘုရား ပေးသနားတော်မူအပ်သော မြသား သလွန်တော်ကို ထမ်းဆောင်ပင့်ယူတော်မူခဲ့၍ မိမိတို့နေရင်း တောအုပ်အတွင်း၌ မြေခင်းသာယာ ဌာပနာ၍ သဒ္ဓါ ပွားကြည် မြတ်စေတီကို တည်ထားကိုးကွယ်ကြလေ၏ ။

ထိုစဉ်အခါ ဒါယကာရင်း သိကြားမင်းသည် မြတ်စွာဘုရား မှတ်သားခတ်နှိပ် ဗျာဒိတ်တော်နှင့်အညီ တည်ထား ကိုးကွယ်ရာ အရပ်မဟုတ်သောကြောင့် မိမိကိုယ်တိုင်စေတီတော်ကို ဖြိုဖျက်လျှက် ဌာပနာအပ်သော သလွန်တော်ကို ပင့်ဆောင်ခဲ့ပြီးလျှင် မြစ်ဆိပ်ကမ်းမှ နှစ်ဥဿဘခန့် ဝေးကွာသောတောင်ကုန်း အရပ်၌ သီတင်းသုံး နေထိုင်ကြသော ဒိဗ္ဗစက္ခု ၊ ဒိဗ္ဗသောတ ၊ ဒိဗ္ဗဃာန မည်သောရသေ့သုံးဦးတို့ ထံအပ်ထားခဲ့ပြီးမှ ရှေးအတိတ် ကာလက ကဿပ မြတ်စွာဘုရား ကိန်းဝပ်တော်မူရာ ရတနာအမျိုးမျိုးတို့ဖြင့် ခြယ်လှယ်အပ်သော ရွှေသားအတိပြီးသော သလွန်တော်ကို ဌာပနာထားခဲ့ဖူးရာ သေလာ အစလ ပဝရထွဋ်ဖူး မြေထူးမြေမြတ်ဖြစ်သော နဂုတ္တမတောင်ထိပ်၌ ဖိတ်ဖိတ်ဖြိုးလျှံ ရောင်ဝှန်ပတ်ဝိုက် ဌာပနာတိုက်ကြီးကို စီမံပြုပြင်ပြီးလျှင် သီးသီးများစွာ နတ်ဗြဟ္မာတို့သည် မာလာကိုဋ် ၊ မာလာငုံ ပန်းမျိုးစုံ ၊ ပွင့်မျိုးစုံ ၊ အထုံ အခိုး အမွှေးမျိုးအဖြာဖြာ တူရိယာအသွယ်သွယ် တီးမှုတ်ဖွယ်တို့ကို ငြိမ့်ငြောင်း သာယာစွာ တီးမှုတ်ပူဇော်လျက် ရသေ့သုံးပါးတို့ထံမှ မြတ်စွာဘုရား၏ မြသားသလွန်တော်ကို ထီးဖြူရတနာ ဖွင့်လှစ်ကာ ဖြန့်မိုး၍ ရှိခိုးပူဇော် ပင့်ဆောင်လာခဲ့ပြီးလျှင် မဟာသက္ကရဇ် (၁၂၈ ) ခု ၊ တပေါင်းလပြည့်နေ့တွင် ဧရာဝတီမြစ်ရေနှင့်အညီအမျှ တည့်တည့်ချိန်၍ များလှစွာသော စတုလောကပါလသမ္မာဒေဝ ယက္ခယက္ခီ ဒေဝီဒေဝါဝိဇ္ဇာ ၊ ဇော်ဂျီ တပသီ ရှင်ရသေ့ တို့နှင့် ချမ်းမြေ့သာယာကောင်းစွာတိုင်ပင်၍ ရတနာအတိပြီးသော ရွှေလှေကြီး နှစ်စင်းတွင်ပတ္တမြားပြာသာဒ် ပေါက်လျှက် တစ်စင်း၌ နဝရတ်ကိုးပါးတို့ဖြင့် ခြယ်လှယ်စီရင်အပ်သော ကဿပမြတ်စွာဘုရား၏ ရွှေသားအတိပြီးသော သလွန်တော်၊ တစ်စင်း၌ ဂေါတမမြတ်စွာဘုရား၏ မြသားအတိပြီးသော သလွန်တော်တို့ကိုတင်၍ ပဲ့နင်းပဲ့ချိတ်နှင့် တကွ တက်သား အစုံပုံတောင်စည်မောင်း ငြိမ့်ငြောင်းသံသာတူရိယာတီးမှုတ်သော လူ၏သဏ္ဌာန် စီမံပြုလုပ် ရွှေရုပ် ခတ်သွင်း ခင်းကျင်းပြီးလျှင် အန္တရာယ်အပေါင်း မကောင်းမိစ္ဆာ ရန်ယုတ်မာကြောင့် ပျောက်ကွယ် ပျက်စီးခြင်း မရှိနိုင် စေရန် ဝိဇ္ဇာဓိုရ်ပမာ လျင်မြန်စွာ ပြေးထွက်သွားကြသော ယန္တရားခလုတ် ၊ လက်နက်ကိုင် စက်ရုပ်တို့ဖြင့် ပြုလုပ် တီထွင် စီရင်ပြီးသောအခါ အရံအကာဖြစ်သော ကျောက်ဖျာကြီးလေးချပ်ကို ဘေးပတ်လည် လေးမျက်နှာမှ ခိုင်ခန့်စွာ ကာရံ၍ အထက်မှ တဖန် ကျောက်ဖျာကြီးတစ်ချပ်ကို ဖုံးအုပ်လျက် ပကတိမြေသားနှင့်အညီ စီမံ ဌာပနာသွင်းပြီးလျှင် အရှင်ရသေ့တို့ နောက်ထပ်တစ်ဖန် စေတီတော်တည်ရန်မှာ သလွန်တော်ကိုပင့်ဆောင်ခဲ့ရင်း ဘီလူးညီနောင် လေးယောက်တို့သည် ဘဝပြောင်းသွား လူသားစင်စစ်ဖြစ်သောအခါမှသာ သင့်လျော်ပါမည်ဟု ရသေ့တို့အား လျှောက်ထားသိစေပြီးမှ မိမိနေရာ တာဝတိံသာဘုံ သို့ ပြန်သွားလေသတည်း ။ ထိုခြောက်ယောက်သော ဘီလူးညီနောင်မောင်နှမတို့တွင် အငယ်ဆုံးဖြစ်သော ယက္ခဒါလီ အမည်ရှိသော ဘီလူးမသည် နှမကိုမခေါ် မောင်တော်တို့ချည်းသာ ၊ မြတ်စွာဘုရားထံသို့သွား၍ ဖူးမျှော်ကြသည်ဟု မကြည်မသာ စိတ်နာသည်ဖြစ်၍ မောင်တော်တို့ပိုင်ဆိုင်ရာ နယ်တွင်းမှာမနေဘဲ ခွဲထွက်ခဲ့ပြီး ယင်းချောင်း၏ တောင်ဘက်၌ နယ်သီးခြားသတ်မှတ်၍ ဝေဿဝဏ္ဏနတ်မင်းကြီးက ပေးသနားအပ်သော အရပ်မျက်နှာ၌နေလေသည်။ ထို ယက္ခဒါလီ ဘီလူးမသည် လှူဒါန်းပူဇော်စရာ များစွာသော ပန်းသစ်သီးတို့ ယူဆောင်လျက် မြတ်စွာဘုရား၏ သလွန်တော်ကို တည်ထားဌာပနာရာ နဂုတ္တမတောင်တော်မြတ်သို့လာခဲ့၍ မြတ်စွာဘုရား၏သလွန်တော် ပရိဘောဂဓါတ်ကို ဆည်းကပ် ပူဇော်ပြီးလျှင် ဤဘဝမှ စုတေသောအခါ မောင်တော်တို့ထက် လွန်ကဲသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော လူသား စင်စစ်ဖြစ်ရပါလို၏ဟု ဆုတောင်းပြီးလျှင်မိမိနေရာသို့ ပြန်သွားလေသတည်း။ ယက္ခဒါလီ ဘီလူးမသည် မိမိနေရာသို့ပြန်လာ၍ မကြာမီဘီလူးဘဝမှစုတေ၍ လူ့ပြည်၌ လူဖြစ်သောအခါ များစွာသော စည်းစိမ်ဥစ္စာနှင့် ပြည့်စုံလှသဖြင့် လွန်စွာထင်ရှားသော ဝေလာမအမည်ရှိ ပုဏ္ဏားမကြီး၏ သမီးဖြစ်ပြီးလျှင် အရွယ်သို့ရောက်သောအခါလွန်စွာတင့်တယ် ရှုချင်စဖွယ်အဆင်းရှိသောကြောင့် တကောင်းပြည်ကြီးအရှင် ဘုရင် မင်းမြတ်ထံသို့ ဆက်သလေရာ လွန်စွာမြတ်နိုးတော်မူသဖြင့် မြောက်နန်းတင်ထား မိဖုရားဖြစ်ပြီး မိမိကံအားလျော်စွာ လားရောက်ရရှာလေသတည်း ။ ထိုယက္ခဒါလီ ဘီလူးမ၏ နယ်သီးခြားခွဲထွက်၍ နေရာဌာနအရပ် ကို သရက်လေးပင်ဟုခေါ်ဆိုကြောင်း အချို့ စာများတွင်ရှိ၏ ။ ထိုစဉ် သုံးပါးသော ရသေ့တို့၏ သီတင်းသုံးရာတောင်ကုန်းအရပ်မှ အရှေ့သို့ စဉ်းငယ်ယွန်း၍ မြောက်ဘက် စွန်းကြသော တစ်ဂါဝုတ်မျှ ဝေးကွာသော အရပ်ဌာန၌လျှောက်ပတ်သာယာ လွန်စွာစည်ကား၍ ပေါများဌေးကြွယ် သော ပစ္စည်းဥစ္စာရှိသော သူဌေးသူကြွယ် ကုန်သည်တို့၏ နေထိုင်ရာ မဟာဂါမအမည်ရသော ဇနပုဒ်ရွာကြီးတစ်ခု တည်ရှိပေသတည်း။ ထိုဇနပုဒ်ရွာကြီးကို တကောင်းပြည် သံသယမြို့ မကြီးရှင် ဘုရင်မင်းမြတ်ထံ ပိုင်စားရသဖြင့် အုပ်စိုးကာနေပေသော ပစ္စည်းဥစ္စာလွန်စွာပေါများ၍ ကုဋေရှစ်ဆယ်မျှကြွယ်ဝသော သုဘောဂ အမည်ရှိသော ရွာစား သူဌေးကြီးသည် သုံးဦးသောရသေ့တို့အား လေးပါးသောပစ္စည်းဥစ္စာတို့ဖြင့် အမြဲမပြတ်ထောက်ပံ့လှူဒါန်းကာ ဆည်းကပ်နေလေသည်။ သလွန်တော်မြတ်ကို ဌာပနာ၍ သိကြားမင်း ပြန်သွားပြီးနောက် သုဘောဂအမည် ရှိသော သူဌေးကြီးသည် များစွာသော လှူဒါန်းဖွယ်ပစ္စည်းတို့ကိုယူပြီးလျှင် မိမိကိုးကွယ်ရင်း ဆရာဖြစ်သော ရသေ့မြတ် သုံးဦးထံ ဆည်းကပ်ဝပ်တွား ခစားရှိခိုးလျက် သလွန်တော် ဌာပနာရာနဂုတ္တမတောင်ထိပ်၌ စေတီတော်မြတ်ကို ကိုးကွယ်တည်ထားရပါမည့်အကြောင်း ခွင့်တောင်းပန်ကြား လျှောက်ထားပါသော်လည်း အခွင့်ကိုမရ။ သိကြားမင်း လျှောက်ထားခဲ့သည့်အတိုင်း သလွန်တော်ကို ပင့်ဆောင်ရင်းဖြစ်သော ဘောကျော် ဘောသော ညီနောင်နှစ်ယောက်တို့ လူအဖြစ်သို့ ရောက်ခါမှ ထိုသူတို့နှင့် အတူတကွ စေတီတည်ရမည့်အကြောင်းကို ြွမက်ကြားပြောဆိုပြီးလျှင် ဒါယကာ သူဌေးကြီး ယခုအခါ နှစ်ဖြာသော ဘီလူးညီနောင်တို့သည် ခန္ဓာပျက်ကြွေ ဘီလူးဘဝမှ စုတေ၍ လူ့ပြည်လူ့ရပ်၌ လူ့ဇာတ်သန္ဓေတည် နေတုံလစ်လူပင်ဖြစ်၍ အနှစ်ရှည်ကြာရှိခဲ့လေပြီ။ သင်သူဌေးကြီးသည် စေတီဒါယကာ ခံလိုပါမူ ထိုသူတို့ကို တွေ့အောင်ရှာလျက် မဟာဝိပါက အကျိုးထူးရအောင် အတူတကွတိုင်ပင်ကာ စေတီတော် ဒါယကာခံ လေတော့ဟု ပြောကြားမိန့်ဆိုကြလေလျှင် ဘီလူးဝင်စား လူယောင်္ကျား ညီနောင်တို့ဟူသည် အဘယ်သူဖြစ်သည်ဟု ဖွေနည်းမသိ၊ မချိဒုက္ခ မျှော်တောင့်တလျက် သကဂေဟာသို့ ပြန်လာခဲ့ပြီးလျှင် ထိုအကြောင်းကိုပြောပြ၍ ထိုမှ ဤမှ စုံစမ်း မေးမြန်းရှာဖွေကြသော်လည်း သတင်းစကားကိုမျှ မကြားကြရသဖြင့် မျှော်တမှိုင်ကာနေကြရလေသတည်း။ ထိုသုဘောဂသူဌေးကြီးကား ပုဏ္ဏဝတီ အမည်သနှင်း အဆင်း အရွယ်အလွန်တင့်တယ်၍ ချစ်ဖွယ် မူဟန် သူမတန် အောင် ကြန်အင်လက္ခဏာ ဉာဏ်ပညာတို့နှင့်ပြည့်စုံသော သမီးကညာ ရတနာတစ်ပါး ထွန်းကားလေသတည်း ။ ထိုသူဌေးကြီး၏ သမီး ပုဏ္ဏဝတီ သည် ထိုမှ ဤမှ ရှာဖွေစုံစမ်း မေးမြန်းလျက် မိမိတို့၏ ဆွေမျိုးများနေထိုင်ရာ ရွာငယ် တစ်ခုသို့သွားရာမှ ပြန်လာသောအခါ သလွန်တော်မြတ် ပရိဘောဂစေတီဌာပနာရာ နဂုတ္တမတောင်၏ တောင်ဘက် ကုန်းမြင့်တစ်ခုသို့ရောက်သဖြင့် အထူးထူးအမျိုးမျိုးသော ပန်းတို့ကို ဆွတ်ခူးကုန်းသီ၍ အလိုရှိရာ စာခွေကို ရေးသား လျက် ထိုစာခွေကို ပန်းကုံးတို့ဖြင့်ရစ်ပတ်ကာ ဘီလူး ဘောကျော်ဝင်စားသော သူသည်သာ ဤ ပန်းစာခွေကို တွေ့မြင်ပါစေသတည်းဟု မနောပဏိဓိ ဆောက်တည် ဓိဌာန်လျက်ပန်းကုန်းဖြင့် ရစ်ပတ်ထားသော စာခွေကို ချထားခဲ့လေသည်။ ထိုပန်းကုန်းဖြင့်ရစ်ပတ်၍ ချထားအပ်သော စာခွေကိုတွေ့ရှိရာ အရပ်ဌာန၌ နောင်အခါ စေတီ တစ်ဆူ တည်ထားလျက် အမှတ်အသားပြုသဖြင့် ယခုတိုင် “ပန်းရစ်တောင်စေတီ” ဟု ထင်ရှားတည်ရှိလေသတည်း ။ သူဌေးသမီး ပုဏ္ဏဝတီသည် ပန်းကုန်းနှင့် စာခွေကို ချထားခဲ့ပြီးမှ များစွာသော အခြံအရံ အပေါင်းအသင်းနှင့်တကွ သလွန်တော်ဓာတ် ပရိဘောဂစေတီတော်မြတ်ကို ဆည်းကပ်ဝပ်လျှိူး ရှိခိုးပူဇော်ကာ အဖြာဖြာသောဆုကို တောင်းပြီးလျှင် တောင်ထိပ်မှ ဆင်းသက်လျက် မြောက်သို့ပြန်ခဲ့ရာ တစ်ဥဿဖမျှဝေးကွာသော အရပ်သို့ ရောက်ခဲ့ပြန်သော် တစ်ခုသော ကုန်းမြင့်သို့တက်၍ ယခုအခါ ငါ၏ လင်လျာဖြစ်သော ဘောကျော်ဟူသည် အဘယ်အရပ်၌ ရှိလိမ့်မည်နည်းဟု အောက်မေ့ကြံဆ၍ မျှော်တောင့်တလျက် အရပ်လေးမျက်နှာသို့ ရော်ရမ်းကာ ကြည့်ရှုမိလေသည် ။ ထိုအရပ်၌ နောင်အခါ တည်ထားအပ်သော စေတီကို “လင်လျာမျှော်စေတီ” ဟုခေါ်တွင်လေသည်။ ယခုတိုင်ထင်ရှားရှိ၏။ ဤသို့ ကြည့်ရှုပြီးသောအခါ မိမိဌာန မဟာဂါမသို့များစွာသော အခြံအရံတို့နှင့်တကွ ပြန်ရောက်ကြ၍ ဘောကျော်မည်သော ဘီလူးဝင်စား ဘုရားဒါယကာခံထိုက်သူကိုသာ မျှော်တောင့်တ၍ နေကြ လေသည် ။ သလွန်တော်မြတ်ကို ပင့်ဆောင်ရင်းဖြစ်သော ဘောကျော် ဘောသော ဘီလူးညီနောင်တို့သည်လည်း ဘီလူး ဘဝမှ စုတေကြ၍ ကုသလကမ္မံ အခွင့်သန်သဖြင့် တစ်ဖန်သန္ဓေတည်နေသောအခါ မိမိတို့ပိုင်စားရရာ တောမြိုင်သာမှ နှစ်ယူဇနာမျှ ဝေးကွာသော တစ်ခုသောရွာကြီးဝယ် အပြစ်လွတ်ကင်း ကုန်သွယ်ခြင်းအမှုဖြင့် အသက်မွေးကြသော ဂဟပတိအမျိုး၌ မညှိုးမနွမ်းချမ်းချမ်းသာသာ သမ္ဘာသန္ဓေ ရှေ့နောက်နေ၍ ပုဗ္ဗေကမ္မကျိုးဖလကြောင့် ဘဝခြားကာ လူဖြစ်လာခဲ့ ကြလေသည်။ ဘောကျော် ၊ ဘောသော ဖြစ်ခဲ့ဖူးသော ညီနောင် နှစ်ယောက်တို့သည် လူဖြစ်ကြပြီးနောက် အချိန် အရွယ်ရောက်ကြသဖြင့် ဖေါက်ကားကုန်သွယ် ရောင်းဝယ်ခြင်းအမှုတို့ဖြင့် အသက်မွေးခြင်းကို ပြုလုပ်လျက် များပြားလှစွာသော ရောင်းစရာ ဘဏ္ဍာ အဖြာဖြာတို့ကို ဝန်တင်နွားလားတို့၌ တင်ဆောင်၍ ကုန်ရောင်းခြင်းငှာ ထွက်လာခဲ့ကြသည်ရှိသော် ခရီးလမ်းဆုံ အခန့်သင့်ကြုံသဖြင့် တောလှုံပျော်မွေ့ ရှင်ရသေ့သုံးဦးထံသို့ ပေးလှူရန် အဖြာဖြာဖြင့် ဆည်းကပ်ကာဝပ်တွား အလ္လာပ သလ္လာပ စကားကိုလျှောက်ထားပြောဆိုကြပြီးမှ မြတ်စွာဘုရား၏ သလွန်တော်ဓာတ် ပရိဘောဂစေတီတော်မြတ်ကို ဆည်းကပ်ကော်ရော် ပူဇော်ရှိခိုးခြင်းငှာ နဂုတ္တမတောင်သို့ လာကြ ရာ တောင်ဘက် ကုန်းမြင့်သို့ ရောက်ရှိသောအခါ ပုဏ္ဏဝတီချထားခဲ့သော ပန်းကုန်းဖြင့် ရစ်ပတ်အပ်သောစာခွေကို နောင်တော်ဖြစ်သော ဘောကျော်သည် တွေ့မြင်သဖြင့် ကောက်ယူဖတ်ရှုရာ အကြောင်းခြင်းရာအစုံကိုသိ၍ ရွှင်လန်း ဝမ်းသာစွာ ညီတော်အား ပြောကြားပြီးလျှင် ပန်းကုန်းနှင့်တကွ စာခွေကိုဆောင်ယူခဲ့ကြ၍ သလွန်တော်များကို ဆည်းကပ်ပူဇော်ပြီးသော် မဟာဂါမရွာ သုဘောဂ သူဌေးကြီးထံသွားကြလေလျှင် သူဌေးကြီးလည်း အကြောင်းခြင်းရာ စုံလင်စွာကို သေချာစစ်ဆေးမေးမြန်းပြီးမှ မိမိတို့မျှော်လင့်တောင့်တခဲ့သော ဘောကျော် ဘောသော ဘီလူးညီနောင်တို့ ဝင်စားသော သူဌေးဖြစ်ကြောင်းကို သိရသောအခါ လွန်စွာအားတက် နှစ်သက်ဝမ်းသာ ကြည်ဖြူစွာလျှင် ပမာရင်ဖွား သားရင်းများအသွင် ချစ်ခင်လေးမူ အရေးယူလျက် အတူမကွာ ဆရာအရှင်ရသေ့တို့ထံသွား၍ လျှောက်ထားတိုင်ပင် စီစဉ်ပြီးကာ ရတနာမြတ်သလွန်တော်ဓာတ်၏ ကိန်းဝပ်တော်မူရာ တောင်သေလာဝယ် များစွာဗိုလ်လူ ကြည်ဖြူ ဝပ်တွား ခစားခိုမှီး စေတီကြီးကို ပြီးစီးစေငှာ မကြာအလျင် တည်ထားပါရမည့် အကြောင်းဖြင့် ခွင့်တောင်းပန်ကြား လျှောက်ထားလေသော် တောပျော်ရှင်မွေ့ ရှင်ရသေ့တို့ကလည်း သူဌေးကြီးအား ပွားများစေတနာ သဒ္ဓါထက်သန် ကြောင်း ကောင်းမြတ်သော တရားစကားတို့ဖြင့် ဟောကြားပြီးကာ ဒေဝါနတ်ဖျား သိကြားမင်းလျှောက်ထားခဲ့သည့် အတိုင်း မဆိုင်းမတွ ခွင့်ပြုလိုက်ကြလေလျှင် ကြည်လင်ဝမ်းသာ အိမ်ဂေဟာသို့ ပြန်လာခဲ့ပြီးမှ ညီငယ်ဖြစ်သော ဘောသော လုလင်အား ရွှေနွားဝန်တစ်တင်၊ ငွေနွားဝန်တစ်တင်ပေး လွှတ်ပြီးနောက် နောင်တော်ဖြစ်သော ဘောကျော် ကို သမီးတော် ပုဏ္ဏဝတီနှင့် ထိမ်းမြားစုံဖက် ကုသိုလ်ဆက်၍ ချစ်ဖက်ပြုစေလေ၏။ ဤသို့ ပြုဖွယ်ကိစ္စ ရှိသမျှကို တစမကျန် စီမံပြုပြင်၍ သလွန်တော်ဓာတ် ကိန်းဝပ်တော်မူရာ နဂုတ္တမတောင်၌ မြသလွန်စေတီတော်ကို တည်ထား ကိုးကွယ်ရန် ပရိကံကို စီမံပြုလုပ်ရာထိုအခါဝယ် မဟာသကျသာကီနွယ်ဝင်အရှင်ဖြစ်သော တကောင်း ပြည် သံသယ မြို့ တော်ကြီး၌ စည်ထီးစိုးပိုင် နိုင်ငံအရှင်ဘုရင်ဧကရာဇ် မင်းမြတ်တို့သည် ဗရုတ်ဗရက်နှောင့်ယှက် ရှုပ်ထွေး ပြည်ရေး ပြည်ရာမသာယာဘဲ လွန်စွာမငြိမ်မသက်ရှိသောကြောင့် မင်းမြတ်တို့ထံ ခွင့်ပန်လျောက်ထားခြင်း မပြုရဘဲ များလှသော အခြံအရံတို့နှင့်တကွ ပူဇော်ဖွယ်အဖြာဖြာကို ရတနာပန်းခိုင်အဆိုင်ဆိုင် အမျိုးမျိုးအခိုး အထုံစုံလင်စွာ ယူဆောင်လျက် နဂုတ္တမတောင်သို့ သွားကြလေသတည်း ။ တာဝတိံသာ ဒေဝါသဌ်နင်း သိကြားမင်းလည်း ခပင်းများစွာ နတ်တကာတို့နှင့်ခြံရံလျက်နတ်ပန်းအသွယ်သွယ် ပူဇော်ဖွယ်အမျိုးမျိုးတို့ကို ဆောင်စေလျက် နတ်၌ဖြစ်သောတူရိယာတို့ကို သာယာငြိမ့်ငြောင်းစွာ တီးမှုတ်စေပြီးလျှင် သလွန်တော်ဌာပနာရာ နဂုတ္တမတောင်သို့ ရောက်လာလေသည် ။ ဤသို့လျှင် နတ်လူများစွာနှစ်ဖြာစုံညီ အညီအညာ သေလာဥက္ကဌ နဂုတ္တမခေါ်မှတ် တောင်တော်မြတ်သို့ ချဉ်းကပ်ရောက်လာကြလေသော တောပျော်ရွှင်မွေ့ ရှင်ရသေ့တို့လည်း သိကြားမင်းနှင့် အတူတကွတိုင်ပင်ကြ၍ ညွှန်ပြနည်းပေးလျက် လူတို့၏ရှေ့ဆောင် ပြုလုပ်ကြပြီးလျှင် များလှစွာသော စတုလောကပါလ သာသနာ အာရက္ခ ၊ သမ္မာဒေဝ ၊ ယက္ခယက္ခီ ၊ ဒေဝီ ၊ ဒေဝါ ၊ ဝိဇ္ဇာဇော်ဂျီ ၊ တပသီတို့ ကူညီမစခြင်းဖြင့် သာသနာသက္ကရာဇ် ( ၂ ) ခုနှစ်တွင် ရှေးဦးအစ သုဘောဂသူဌေးကြီးသည် သားသမီးတို့နှင့်တကွ အရုဏဝတီရွှေမြေကဲ့သို့ ဆန်းကြယ်လှစွာ ခိုင်မာ ကောင်းမွန်သော အင်္ဂတေ ရွှေမြေ သရွတ်တို့ကို ခြွေဆွတ်ယူဆောင်လျက် သိကြားမင်းအစ ပထမ စီရင်အပ်ပြီးသော ဌာပနာတိုက်ကြီး အထက်မှ သံတောင် (၃၅)တောင် အမြင့်ရှိသော စေတီတော်ကို တည်ကြလေလျှင် နှစ်ဆူသော မြတ်စွာဘုရားတို့၏ ရွှေသားသလွန်တော် မြသားသလွန်တော်ဟူသော ပရိဘောဂဓာတ်တို့မှ ထက်ရပ် အဇာဋာ အာကာ ဝေဟင် မြေပြင်အားလုံး အုပ်ဖုံးဖြန့် မိုးကာ ရှစ်မျက်နှာသောအရပ်တို့၌ တည်ရှိသော အရာဝထ္ထု မှန်သမျှတို့ကို ဇမ္ဗူရစ် ရွှေရည်အလျဉ်ဖြင့် တသွင်သွင်လောင်းအပ်ဘိသကဲ့သို့ ဝါရွှေသောအဆင်းကိုဖြစ်စေလျက် ထွက်ကြွကွန့်မြူးတော် မူသော ရွှေသောရောင်ခြည်တော် ၊ စိမ်းပြာညိုမှောင် ဖြူနီရောင်တို့ ထိန်ပြောင်ရောယှက် ပြိုးပြိုးပျက်ပျက် တစ်ခဲ နက်သော ရောင်ခြည်တော် အစရှိသော ခြောက်သွယ်သော ရောင်ခြည်တော်တို့သည် ထိုမှ ဤမှ ကွန့်မြူးကြ၍ ထွက်ကြွတော်မူလေရာ များစွာကုန်သော နတ်လူတို့သည် ကြည်ဖြူသဒ္ဓါ စေတနာဖြင့် ဖရဏာပီတိဂွမ်းဆီထိသို့ ထုတိ ဃောသာ အစ္ဆရာဝတ အံ့ဩကြလျက် ဒါတဗ္ဗအမျိုးမျိုးတို့ ဖြင့် ရို့ကျိုး ညွှတ်ခ ပူဇော်ကြကုန်လေသတည်း။




Image 1
Image 2
Image 3
Image 1
Image 2
Image 3
Image 1
Image 2
Image 3